ရွေးကောက်ပွဲရက် ရွှေ့ဆိုင်းဖို့ သမ္မတ Trump ပြော


ဒီနှစ်ထဲ ကျင်းပဖို့ရှိတဲ့ အမေရိကန် သမ္မတ ရွေးကောက်ပွဲကို အချိန် ရွှေ့ဆိုင်းဖို့ သမ္မတ ဒေါ်နယ်ထရမ့်က ပထမဆုံး အကြိမ်အဖြစ်ပြောလာနေပါတယ်။ ကြာသပတေးနေ့ မနက်ပိုင်းက သူ့ရဲ့ twitter မှာ စာတိုက်ကနေ မဲပေးမယ့်စနစ်ကြောင့် ၂၀၂၀ ပြည့်နှစ် သမ္မတ ရွေးကောက်ပွဲဟာ အမေရိကန် သမိုင်းမှာ မဲလိမ်မှုတွေနဲ့ မှားယွင်းရေတွက်မှုတွေ အများဆုံးရှိမယ့် ရွေးကောက်ပွဲလို့ အထောက်အထား မပါဘဲ ရေးသားထားပါတယ်။

အဲဒီလို ဖြစ်လာမယ်ဆိုရင် အမေရိကန် ပြည်ထောင်စုအတွက် ရှက်စရာ ဖြစ်တာကြောင့် လူတွေ ဘေးကင်း ရန်ကင်းနဲ့ မဲပေးနိုင် တဲ့ အချိန်အထိ ရွေးကောက်ပွဲကို ရွှေ့ဆိုင်းမလားလို့လည်း သူက မေးခွန်းထုတ်ထားပါတယ်။ နိုဝင်ဘာလ ၃ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲကို ရွှေ့ဆိုင်းနိုင်တဲ့ အခွင့်အာဏာ အမေရိကန် သမ္မတမှာ မရှိပါဘူး။ အခြေခံ ဥပဒေအရ ရွေးကောက်ပွဲရက်ကို ကွန်ဂရက်က သတ်မှတ် ပြဌာန်းရတာ ဖြစ်ပါတယ်။

Illinois ပြည်နယ်က အောက်လွှတ်တော် အမတ် Rodney Davis ကတော့ ဒီနှစ် ရွေးကောက်ပွဲ ရွှေ့ဆိုင်းမှာ မဟုတ်ဘူးဆိုပြီး တွစ်တာ မှာ တုံ့ပြန် ရေးသားလိုက်ပါတယ်။ ကွန်ဂရက်က ရက်ကို သတ်မှတ်တာဖြစ်လို့ ရက် မပြောင်းသင့်ဘဲ စီစဉ်ထားတဲ့အတိုင်း ဥပဒေ အရ နိုဝင်ဘာလ ၃ ရက်နေ့မှာ ရွေးကောက်ပွဲ လုပ်မယ်လို့ သူက ပြောပါတယ်။ ရစ်ပတ်ဘလင်ကန် အမတ် Rodney Davis ဟာ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ တရားရေးကိစ္စတွေ ကိုင်တွယ်တဲ့ အောက်လွှတ်တော် စီမံ အုပ်ချုပ်ရေး ကော်မတီဝင် တစ်ဦးလည်း ဖြစ်ပါတယ်။

သမ္မတ ထရမ့်ရဲ့ ရေးသားချက်ကို သူ့ရဲ့ ရစ်ပတ်ပလင်ကန် ပါတီသာမကဘဲ ပါတီကြီး နှစ်ခုစလုံးက အမတ်တွေက ဝေဖန်နေတာ ဖြစ်ပါတယ်။ New Mexico ပြည်နယ်က ဒီမိုကရက်တစ် အထက်လွှတ်တော်အမတ် Tom Udall က သမ္မတက အခုလို ပြောလာတာကိုက အတော်လေး စိုးရိမ်ပူပန်စရာ ဖြစ်သလို ဒီမိုကရေစီ ကျင့်စဉ်အပေါ် ကြက်သီး ထဖွယ်ရာ တိုက်ခိုက်မှု ဖြစ်တယ်လို့ ပြောပါတယ်။

COVID-19 ကြောင့် ရွေးကောက်ပွဲ ရွှေ့ဆိုင်းဖို့ အကြံပြုစကား ထွက်လာနေချိန်မှာပဲ သမ္မတ ဒေါ်နယ် ထရမ့် ကုလသမဂ္ဂ အထွေထွေ ညီလာခံကို လူကိုယ်တိုင် တက်ရောက် မိန့်ခွန်း ပြောကောင်း ပြောမယ်လို့ ကုလသမဂ္ဂ ဆိုင်ရာ အမေရိကန် အမြဲတမ်း ကိုယ်စားလှယ် Kelly Craft က ပြောပါတယ်။ ကမ္ဘာ့ခေါင်းဆောင်တွေ တက်ရောက်တဲ့ ဒီ ကုလသမဂ္ဂ ညီလာခံကြီးကို COVID-19 ကြောင့် အွန်လိုင်း ကနေ လုပ်ဖို့ အဖွဲ့ဝင်နိုင်ငံတွေက ပြီးခဲ့တဲ့ အပတ်ကပဲ ဆုံးဖြတ်ခဲ့တာပါ။

သံအမတ်ကြီး Kelly Craft က ကမ္ဘာ့ ခေါင်းဆောင်တွေထဲ သမ္မတ ထရမ့်တစ်ယောက်ပဲ ညီလာခံကို ကိုယ်တိုင်တက်ရောက် စကားပြောတဲ့လူ ဖြစ်ပါလိမ့်မယ်လို့လည်း ပြောပါတယ်။ သမ္မတ အိမ်ဖြူတော်ကတော့ ဒီ အစီအစဉ်နဲ့ပတ်သက်လို့ အသေးစိတ် ထပ်မံ ပြောကြားတာ မရှိသေးပါဘူး။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/trump-november-election-/5524392.html

沒有留言